"S Line" ကို သရုပ်ဆောင်ဖို့ ရွေးခဲ့တဲ့ အကြောင်းအရင်းတွေရှိတဲ့ Lee Soo Hyuk
Author/ Publisher: Emma

မင်းသား Lee Soo Hyuk ကတော့ လက်ရှိမှာ "S Line" ဇာတ်လမ်းနဲ့ လူပြောများနေတဲ့ သရုပ်ဆောင်ပါ။ သဘာဝလွန်ဇာတ်လမ်းတွေနဲ့ လိုက်ဖက်လွန်းတဲ့ သူ့ရဲ့အသံ၊ အသွင်အပြင်ကြောင့် S Line ကားမှာလည်း စတင်ပြသချိန်ကတိုင် Lee Soo Hyuk ဟာ ပရိသတ်တွေအာရုံကို ရရှိနိုင်ခဲ့ပါတယ်။ ကမ်းလှမ်းလာခဲ့တဲ့ ပရောဂျက်တွေ၊ ဇာတ်ညွှန်းသစ်တွေကြားမှာမှ ဆန်းပြားတဲ့ဇာတ်အိမ်နဲ့ မြှုပ်ကွက်တွေအများကြီးပါတဲ့ S Line ကို ရွေးချယ်ရတဲ့အကြောင်းအရင်းတွေလည်း Lee Soo Hyuk မှာ ရှိနေခဲ့ပါတယ်။

Photo credit to 10 asia 텐아시아
S Line ဟာ မူရင်း Webtoon မှာကတိုင် ကမ္ဘာ့စာဖတ်သူကြားမှာ နာမည်ကြီးပါတယ်။ ဒီလိုမျိုး လူသိများပြီးသားဇာတ်အိမ်ကို လက်ခံရင် များသောအားဖြင့် သရုပ်ဆောင်တွေအနေနဲ့ တာဝန်ကြီးပါတယ်။ Lee Soo Hyuk ကတော့ ဒီပရောဂျက်ကို အခွင့်အရေးတစ်ခုလို သဘောထားခဲ့ပြီး ရွေးချယ်ခဲ့တာပါ။ "S Line က ဆန်းကြယ်တဲ့ဖြစ်ရပ်တွေကို လိုက်လံစုံစမ်းရတဲ့ စုံထောက်အကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်ညွှန်းကို ဖတ်ပြီး တအားစိတ်ဝင်စားသွားသလို Webtoon တွေကလည်း တကယ်ကောင်းတာကြောင့်ပဲ ဒီကားကို လက်ခံဖြစ်ရင် ကျွန်တော့်ကို ကွဲပြားတဲ့ပုံစံအသစ်နဲ့ မတူညီတဲ့ ဆွဲဆောင်မှုကို ပြနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ တကယ်ကတော့ ဒီကားရဲ့ ရိုက်ကူးရေးက "Queen Woo" ဇာတ်လမ်းနဲ့လည်း တချိန်တည်းဖြစ်နေခဲ့တာပါ။ ဇာတ်လမ်းနှစ်ခုလုံးမှာ ဇာတ်ကောင်တွေက လုံးဝကို တခြားစီပဲလေ။ ကျွန်တော် ကိုယ့်ဘာသာကို အများကြီးပြင်ဆင်ခဲ့ရသလို ဒါရိုက်တာကြီးကိုလည်း အားကိုးခဲ့ရပါတယ်။ ဇာတ်ညွှန်းဖတ်ရင်းနဲ့ မတူညီတဲ့စရိုက်တွေကို သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့ ချပြချင်တာကြောင့်ပဲ ဒါရိုက်တာကြီးက တန်ဖိုးထားပြီး ကူညီပေးခဲ့ပါတယ်" ဆိုပြီး ဖြေပေးခဲ့ပါတယ်။

Photo credit to 10 asia 텐아시아
Lee Soo Hyuk ကတော့ မူရင်း Webtoon ကိုတောင် ကြည့်ပြီးပါပြီတဲ့။ သူ့အနေနဲ့ ဇာတ်ညွှန်းကို ကြိုက်လွန်းတာကြောင့်ပဲ တစ်ဖက်မှာ "Queen Woo" ဇာတ်လမ်း ရိုက်ကူးရင်းနဲ့ကို "S Line" ကို အပြိုင်ရိုက်ခဲ့တာပါ။ တကယ်လည်း S Line ထဲက စုံထောက်ဇာတ်ရုပ်ဟာ Lee Soo Hyuk နဲ့ အလွန်လိုက်ဖက်နေပါတယ်။ ပရိသတ်တွေကတော့ သူ့ခေါင်းပေါ်က ပေါ်နေတဲ့ အနီရောင်လိုင်းတွေ အများကြီးကိုကြည့်ပြီး သဘောကျနေကြတဲ့အပြင် meme တွေလည်း အများကြီးထွက်လာခဲ့ပါတယ်။

Photo credit to K-en News
Source: MK스포츠